“သက်ကြီးသူ” နှင့် “ကျောက်ကပ်ပြဿနာ” ဆိုတာ အလှမ်းကွာတယ်လို့ မဆိုနိုင်ပါဘူး။

သက်ရွယ်ကြီးလူ့အဖွဲ့အစည်းတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသော ထိုင်းနိုင်ငံ၏ အသက် 65 နှစ်နှင့်အထက် ရှိသူသည် လူဦးရေ၏ 10 ရာခိုင်နှုန်းခန့် တနည်းအားဖြင့် ဦးရေ 7 သန်းကျော် ရှိမည်ဟု သက်ကြီးသူရေးရာဦးစီးဌာန၏ အချက်အလက်များ အရ သိရှိရပြီး၊ 2021 ခုနှစ် အရောက်တွင်မူ သက်ကြီးသူ အချိုးအစားသည် 20-30 ရာခိုင်နှုန်း အထိ မြင့်တက်လာလိမ့်မည်ဟု မှန်းဆခံထားရပါသည်။ ထိုအချိန်ရောက်သည့် အခါ၌ လူဦးရေ 100 တွင် သက်ကြီးရွယ်အို အယောက် 30 ခန့် တွေ့မြင်လာရလိမ့်မည်ဟု ဆိုလိုပါသည်။ အကျိုးဆက်မှာ သက်ကြီးအရွယ်ပိုင်း၌ အဖြစ်များသည့် ကျောက်ကပ်ရောဂါ အပါအဝင် ပိုမို ဖြစ်ရှိများပြားလာသည့် ကျန်းမာရေးပြဿနာနှင့် နာတာရှည်ရောဂါအမျိုးမျိုးကို ကျွန်ုပ်တို့မှ သတိပြု စောင့်ကြည့် သွားရန် လိုပါမည်။

ကိုယ်တွင်းအင်္ဂါအစားထိုးခွဲစိတ်သမားတော်ဖြစ်သူ ဒေါက်တာနတ်ထဖွန် အာဖွန်စုကျရိကူလ်” ၏ အဆိုအရ သက်ကြီးသူနှင့် ကျောက်ကပ်ရောဂါ ဆိုသည်မှာ အလှမ်းကွာလှသည့် အရာ မဟုတ်ပဲ၊ သက်ကြီးသူ၌ ကျောက်ကပ် ယိုယွင်း ပျက်စီးမှုမှနေ၍ ကျောက်ကပ်ရောဂါ ဖြစ်ရှိနိုင်မှု အလားအလာ ရှိပါသည်။ သက်ကြီးသူများစွာမှာ ကျောက်ကပ်ရောဂါကြောင့် ဆေးဝါးသောက်သုံးမှု၊ ကျောက်ကပ်ဆေးမှု အပါအဝင် “ကျောက်ကပ်အစားထိုးလဲလှယ်မှု” များ လုပ်ဆောင်နေရပါသည်။ သက်ကြီးသူ၌ ကျောက်ကပ်အစားထိုးလဲလှယ်ကုသမှုတွင် ၎င်း၏ကျန်းမာရေး၊ နာတာရှည် ဖြစ်ရှိနေသည့်ရောဂါကြောင့်နှင့် အခြားအရွယ်၌ နှိုင်းစာပါက ပြန်လည်နာလန်ထူခြင်းနှေးကွေးမှု စသည်တို့ကြောင့် အန္တရာယ်စွန့်စားရမှု အလားအလာမှာ ပိုများပါသည်။ သို့ဖြစ်ပါ၍ သက်ကြီးသူ အနေနှင့် မိမိတွင် ကျောက်ကပ်အစားထိုးလဲလှယ်ခြင်းဖြင့် ကုသမှုခံယူရန် လိုအပ်မှု ရှိမရှိကို သတိပြု စောင့်ကြည့်သွားရန် လိုပါမည်။

သက်ကြီးသူသည် အခြားအသက်အရွယ်ပိုင်းများထက် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေ ပိုများသည်မှာ မှန်ပါသလား။

ပုံမှန်အားဖြင့် ဆိုပါက အသက် 35 နှစ်ကျော်လာသူများ၌ ကျောက်ကပ်စွမ်းဆောင်ရည်သည် တစ်နှစ်လျှင် 1% ခန့် တဖြည်းဖြည်း ကျဆင်းလာပါသည်။ ထို့ကြောင့် ကျန်းမာရေးကို ဂရုစိုက်သူဖြစ်သည့်တိုင်အောင် အသက်ကြီးလာသည် နှင့်အမျှ ကျောက်ကပ်တဖြည်းဖြည်း ယိုယွင်းလာသည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ သို့ဖြစ်ပါသဖြင့် သက်ကြီးသူများ၌ တဖြည်းဖြည်း ကျောက်ကပ်ပျက်စီးယိုယွင်းလာမှုကြောင့်မှ ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ အလားအလာ ရှိပါသည်။

သက်ကြီးသူ၌ ကျောက်ကပ်ရောဂါဖြစ်ပွားမှုအလားအလား တိုးလာစေသည့် အကြောင်းအချက်သည် မည်သည်နည်း။

အမှန်မှာ အသက်အရွယ်အုပ်စုတိုင်း၌ ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ရှိပါသည်။ ထိုင်းလူမျိုး၌ ကျောက်ကပ်ရောဂါ ဖြစ်စေသည့် အဓိကအရင်းခံအကြောင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်စံနှုန်းထက် ပိုလွန်လျက် ဆားပါဝင်မှု များသော အစားအစာကို စားသုံးမှု အလေ့အထကြောင့် ဖြစ်သည်။

ငန်သောအစားအစာ ဆိုသည်မှာ သတ်မှတ် ပမာဏထက် ဆိုဒီယမ်ဆား ပိုမိုပါဝင်နေလေ့ရှိသည့် အစားအစာမျိုး ဖြစ်သည်။ ထိုင်းစားဖွယ်များကို များသောအားဖြင့် လေးပင် အရသာရှိစေရန် ပြင်ဆင်ချက်ပြုတ်ထားပြီး၊ ဤသို့သော လေးပင် အရသာရှိသည့် အစားအစာတွင်း၌ ဆိုဒီယမ်ဓာတ်ဆားသည် ခန္ဓာကိုယ်မှ လက်ခံရရှိသင့်သော ပမာဏထက် ပိုများ နေတတ်ပါသည်။ သင့်အနေနှင့် ကျောက်ကပ်ရောဂါဖြစ်ရမှု၏ အရေးပါသည့်အကြောင်းခံဇာတ်မြစ် ဖြစ်သည့် ဆားနှင့်ဆိုဒီယမ် သုံးစွဲမှုလျော့ချရေး အသိပညာပေးလှုံ့ဆော်မှုများကို သိမြင် ကြားဖူးကောင်း ကြားဖူးပါလိမ့်မည်။ အထူးသဖြင့် ကျောက်ကပ်ယိုယွင်းမှုရှိသူ သက်ကြီးရွယ်အိုများ အနေနှင့် အငန်များသော အစားအစာကို စားသုံးမိပါက တခြားအသက်အရွယ်ပိုင်းရှိ လူများထက် ကျောက်ကပ်ရောဂါ ဖြစ်ရှိနိုင်ခြေ ပိုများလာစေပါမည်။

 

သက်ကြီးသူများ ကျောက်ကပ်အစားထိုးကုသမှု ခံယူမည် ဆိုပါက မည်သည့်အချက်များကို အလေးထား ပြုကျင့်လိုက်နာ ရမည်နည်း။

ကျန်းမာကြံ့ခိုင်ပြီး ခွဲစိတ်မှုခံယူရန် အသင့်ရှိသူ ဖြစ်ပါက ကျောက်ကပ်ပျက်စီး အသက် 70 ကျော် သက်ကြီးလူနာ များပင်လျင် ကျောက်ကပ်အစားထိုးကုသမှုကို ခံယူနိုင်ပါသည်။

သက်ကြီးသူတွင် အများအားဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသည့် တကိုယ်ရေနာတာရှည်ရောဂါများ ဖြစ်ရှိနေ နိုင်သောကြောင့် ဆရာဝန်မှ ၎င်း၏ ကျန်းမာရေး အထူးသဖြင့် နှလုံးနှင့်ပတ်သက်၍ အသေးစိတ် စစ်ဆေးစမ်းသပ်၍ အကဲဖြတ် သွားပါမည်။ ထို့ကြောင့် ကျောက်ကပ်အစားထိုးကုသမှုလုပ်ငန်းစဉ်သို့ မဝင်မီ အမြဲပင် လူနာကို စေ့စပ်စွာ စစ်ဆေး အကဲဖြတ်စေကာ၊ စံသတ်မှတ်ချက် အတိုင်း ပြည့်မီအောင်မြင်မှသာလျင် ကျောက်ကပ်အစားထိုးကုသမှုကို ခံယူစေနိုင်ပါမည်။


 

ကျောက်ကပ်အစားထိုးကုသမှု မတိုင်မီနှင့် နောက်ပိုင်း၌ သက်ကြီးသူသည် မည်သို့ ပြင်ဆင် ပြုမူနေထိုင်သင့်သနည်း။

ကျောက်ကပ်အစားထိုးမှု မခံယူမီ အရေးကြီးဆုံးအချက်မှာ လူနာမှ မိမိကိုယ် အသင့်ဖြစ်နေအောင် ကျန်းမာရေးကို ဂရုစိုက်ရန်နှင့် လိုအပ်ရာရာ ကျန်းမာရေးစစ်ဆေးအကဲဖြတ်မှုအသေးစိတ်ကို ခံယူထားရမည်။ ထို့အတူ ကုသရေးဇယား စီမံချက် နှင့်အညီ ကျောက်ကပ်ဆေးခြင်း (သို့) သွေးသန့်စင်ခြင်းကိုပါ ခံယူထားရမည်။ ကျောက်ကပ် အစားထိုးကုသမှု မခံယူမီ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များမှာ -

  1. ကျန်းမာရေးကြံ့ခိုင်ကောင်းမွန်နေစေအောင် စောင့်ရှောက်ပေးရန်။ ထိရောက်သည့် ကုသချက်ရလဒ် အတွက် လုံလောက်စွာ အိပ်စက်အနားယူ၍ ကိုယ်စိတ်နှစ်ပါးစလုံး အသင့်ဖြစ်အောင် ပြင်ဆင်ပေးထားရန်

  2. ခွဲစိတ်မည့်နေ့မတိုင်မီ 1 ရက်ကြိုတင်၍ သောက်ရေအပါအဝင် အစာရေစာ မစားသောက်ပဲ ရှောင်ကျဉ်ထားရန်

  3. ဓာတ်ခွဲခန်း၌ သွေးနှင့်ဆီးစစ်ရန်

  4. နှာခေါင်းနှင့်လည်ချောင်းကို သန့်စင်ပေးရန်

  5. နှလုံးလျှပ်စစ်လှိုင်းစစ်ဆေးခံရန်

  6. ရင်ခေါင်းဓာတ်မှန်ရိုက်ခံရန်

  7. အထူးဆပ်ပြာဖြင့် ခန္ဓာကိုယ် ဆေးကြောသန့်စင်မှု ပြုပေးရန်

  8. သွေးပြန်ကြောမှတဆင့် အရည်ဓာတ်သွင်းထားရန်

  9. ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ ကျောက်ကပ်ဆေးသွေးသန့်စင်မှု ပြုထားရန်

  10. ကိုယ်ခံအားဖိနှိပ်ဆေးသောက်သုံးပေးရန်

  11. ခွဲစိတ်မှုခံယူချက်သဘောတူညီလွှာ၌ လက်မှတ်ရေးထိုးသဘောတူညီချက်ပေးရန်

ကျောက်ကပ်ကို ခန္ဓာကိုယ်မှ လက်မခံငြင်းပယ်နိုင်ခြေကို လျှော့ချရန် လူနာအား ကိုယ်ခံအားခုနှိမ်ဆေးဝါး (Immunosuppressant)ကို သောက်သုံးထားစေရာမှ ရောဂါပိုးကူးစက်ခံရမှုအလားအလာ တိုးလာစေသဖြင့် ကျောက်ကပ် အစားထိုးကုသချက် ခံယူထားသူ၌ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ သတိပြုစောင့်ကြည့်သွားရပါမည်။ ကျောက်ကပ် အစားထိုးမှု ခံယူပြီးနောက် လူနာမှ သတိပြုနေထိုင်သွားရမည့် အချက်များမှာ -

  1. ဆရာဝန်ညွှန်ကြားချက်နှင့်အညီ တင်းကျပ်စွာ ကိုယ်ခံအားခုနှိမ်ဆေးဝါးများကို သောက်သုံးပေးသွားရန်

  2. နေ့စဉ် သောက်နေကျအချိန်၌ အချိန်မှန်မှန် ဆေးဝါးများကို သောက်သုံးပေးသွားရန်

  3. မူမမှန်မှုလက္ခဏာ တစုံတရာ တွေ့ရှိရပါက ဖြစ်ပျက်မှုအသေးစိတ်နှင့်အချိန်ကို ရေးသွင်းမှတ်တမ်းတင်လျက် ရက်ချိန်းအရ ဆရာဝန်ထံ လာရောက်တွေ့ဆုံချိန်၌ မှတ်တမ်းအား ဆရာဝန်ကို ပြသရန်

  4. သောက်သုံးနေကျဆေးဝါးများစာရင်းကို ကိုယ်၌ အတူဆောင်ထားရန်

  5. ချိန်းဆိုချက်အရ မပျက်မကွက် ဆရာဝန်နှင့် လာရောက်တွေ့ဆုံရန်

  6. ဆေးဝါးသောက်သုံးမှုမှ ဘေးထွက်သက်ရောက်လက္ခဏာ (သို့) အခြားသော အရေးပေါ် အခြေအနေများ ဖြစ်ရှိလာပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ဆေးရုံကို ချက်ချင်း ဆက်သွယ်ရန်

  7. ဆရာဝန်၏ စိစစ်ခွင့်ပြုချက်ပေးမှုအရ ကျန်းမာကြံ့ခိုင်မှုအားဖြည့်ပေးရန် အပေါ့စားလေ့ကျင့်ခန်းများ ပြုလုပ် သွားနိုင်ပါသည်။

  8. ကျက်အောင်ချက်ပြုတ်ထားသော အစားအစာအုပ်စု 5 မျိုးစလုံး စုံလင်အောင် စားသုံးပေးရန်

  9. အရက်နှင့်ဆေးလိပ်သောက်သုံးခြင်းမှ ရှောင်ကျဉ်ရန်

  10. တနေ့ အနည်းဆုံး ရေ 2 လီတာခန့် သောက်သုံးပေးရန်

  11. လူများစွာ ကျပ်သိပ်သော နေရာမျိုး၌ မနေရန်

  12. အထူးသဖြင့် ကျောက်ကပ်အစားထိုးမှုနောက်ပိုင်း ရောဂါပိုးမကူးစက်ခံရစေရန် မိမိ၏ နေ့စဉ် နေထိုင်မှုဘဝ တကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပေးသွားရန်

 

သက်ကြီးသူ အဖို့ ကျောက်ကပ်ရောဂါမှ ကင်းဝေးစွာဖြင့် ကျောက်ကပ်ကျန်းမာနေစေဖို့ ဆိုရင် ဘယ်လို ပြုကျင့်သလဲ ဆိုသည့် မဖျားနာခင် ကြိုတင်သိရှိကျင့်ဆောင်ရန် အချက်များ

  1. ငံလွန်းသည့် အစားအစာကို ရှောင်ကျဉ်ပါ၊ ဟင်းရည်စွပ်ပြုတ်ရည်များကို လျှော့သောက်ပါ။ အရသာပြင်းသော အစားအစာများကို ရှောင်ကျဉ်ပြီး အစားအသောက် ဂရုစိုက်ပါ။

  2. ကျန်းမာရေးဂရုစိုက်ပါ။ နာတာရှည်ရောဂါ ဆီးချို သွေးတိုးကို ကောင်းစွာ ထိန်းချုပ်ထားနိုင်အောင် ကြိုးစားပါ။

  3. မပြတ်ပုံမှန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

  4. တနေ့ကို ရေ 8-10 ခွက်ခန့် သောက်သုံးပေးပါ။

  5. ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းစေသဖြင့် ဆေးလိပ်သောက်သုံးမှု ရှောင်ကျဉ်ပါ။

  6. အရောင်ကျပိုးသတ်ဆေး၊ ဆေးပေါင်းစုံ စသည့် ဆေးဝါးများ ကာလရှည်စွဲ၍ သောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။ အထူးသဖြင့် ဆေးဝါးတမျိုးမျိုးကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးပါ။


 

အကောင်းဆုံးမှာ ယနေ့မှစ၍ အငန်လျှော့စားခြင်းဖြင့် ကျောက်ကပ်ကို စောင့်ရှောက်ကာ ကျောက်ကပ်ရောဂါ မဖြစ်ရအောင် တားဆီးကာကွယ်ပါ။